မြေပြန့်လွင်ပြင်ဒေသပြောက်ကျားစစ်
အဓိကပြောက်ကျားစစ်တည်နေရာ ၃ မျိုးရှိတယ်။ တောထူ၊ တောင်ထူတဲ့နေရာက အကောင်းဆုံး။ မြစ်ချောင်းအင်းအိုင်ပေါများတဲ့နေရာက ဒုတိယအကောင်းဆုံး။ မြေပြန့်လွင်ပြင်ဒေသက ၃ မျိုးအနက် အခွင့်သာချက်အနည်းဆုံး။
ဒါကိုမော်စီတုန်းကချပြတယ်။ ချေဂွေဗားရားလည်း သဘောတူတယ်။
မြေပြန့်လွင်ပြင်ဒေသ
************
စစ်ရေးအမြင်အရ မြေပြန့်လွင်ပြင်ဒေသဆိုတာ တော၊ တောင် အကာအကွယ်မရှိတဲ့နေရာ၊ မြစ်ချောင်းအင်းအိုင် ဒီရေတောတွေ မရှိတဲ့နေရာကို ဆိုလိုတယ်။
ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတွေဟာ မြေပြန့်လွင်ပြင်အများဆုံး။ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းမှာလည်း မြေပြန့်လွင်ပြင်နေရာတချို့ရှိတယ်။ ဒီတကြိမ်တော်လှန်ရေးမှာ အဲဒီနေရာတွေ ကျန်ရစ်နေလို့မဖြစ်ဘူး။ အထူးသဖြင့် ပွဲသိမ်းကာလမှာ တော်လှန်ရေးတပ်ဖွဲ့တွေကို အသင့်ကြိုဆိုနေမယ့် နယ်ခံပြောက်ကျားတွေ အဲသလိုနေရာတွေမှာ ရှိနေဖို့လိုတယ်။ တောင်တန်းဒေသတွေမှာ လက်နက်ကိုင်တော်လှန်ရေးကို ကျနော်တို့ နှစ်ပေါင်းများစွာဆင်နွှဲခဲ့ကြပြီးပြီ။ စစ်အာဏာရှင်စနစ်ကို အငုတ်ပါမကျန် အမြစ်လှန်သုတ်သင်ရေးအတွက် တောင်တန်းဒေသတော်လှန်ရေးနဲ့ မလုံလောက်ကြောင်းလည်း တွေ့ခဲ့ကြပြီးပြီ။
မြေပြန့်ပြောက်ကျားဆင်နွှဲလို့ရနိုင်တယ်
*******************
မြေပြန့်လွင်ပြင်ဒေသဟာ ပြောက်ကျားစစ်အတွက် အခွင့်သာချက်နည်းတာမှန်တယ်။ ဒါပေမဲ့ မြေပြန့်လွင်ပြင်ဒေသမှာ ပြောက်ကျားစစ်ဆင်နွှဲလို့မရဘူးလို့ သူမဆိုကြောင်း ဘယ်လိုပထဝီဝင်အနေအထားမှာပဲဖြစ်ဖြစ် ပြောက်ကျားစစ်ဆင်နွှဲလို့ရကြောင်း မော်စီတုန်းက အတိအလင်း ထောက်ပြပြောဆိုခဲ့တယ်။
မှန်တယ်။ အဓိကကျနော်တို့မှတ်သားရမဲ့အချက်က ရန်သူရှိတဲ့နေရာ၊ ပြည်သူရှိတဲ့နေရာတိုင်းမှာ ပြောက်ကျားစစ် ဆင်နွှဲလို့ရတယ်ဆိုတဲ့အချက်ပဲ။
မြို့ပြပြောက်ကျား
**********
မြေပြန့်ပြောက်ကျားရဲ့ဗျူဟာအကြောင်းမပြောခင် မြို့ပြပြောက်ကျားနဲ့ ကျေးလက်ပြောက်ကျား ဘာကွာသလဲဆိုတာ အရင်ပြောချင်ပါတယ်။
မြို့ပြပြောက်ကျားဟာ ပိုပြီးသိုသိပ်တယ်။ အစုအဖွဲ့ပိုသေးငယ်တယ်။ အနည်းဆုံး ၂ ယောက် အများဆုံး ၅ ယောက်နဲ့ စုဖွဲ့လေ့ရှိတယ်။ ဒေသခံတွေနဲ့သာ ဖွဲ့စည်းလေ့ရှိတယ်။ တခြားဒေသက ဧည့်သည်တော်လှန်ရေးသမားကို တခါတရံမှာ အကူအညီတောင်းခံခေါ်ယူတာမျိုးရှိတတ်ပေမဲ့ အဲသလိုအလေ့အထမျိုးကို များများမကျင့်သုံးဘူး။ တတ်နိုင်သမျှရှောင်ရှားတယ်။ ညအခါမှာပိုပြီးလှုပ်ရှားလေ့ရှိတယ်။
မြို့ပြပြောက်ကျားဆိုတာ ဖြိုဖျက်မရနိုင်တဲ့ ပစ်ခတ်ရေးအဖွဲ့ငယ်ပေါင်းများစွာရဲ့ ကွန်ရက်ပဲ။ အခြေခံစခန်းမရှိဘူး။ နောက်တန်းမရှိဘူး။
ရန်သူကအင်အားကြီးပြီး မိမိက အင်အားနည်းခြင်းဆိုတဲ့ လက္ခဏာရဲ့ ပြဋ္ဌာန်းချက်ကြောင့် အမြဲတန်းကိုယ်က ထိုးစစ်ဆင်တယ်။ မြန်မြန်တိုက် မြန်မြန်ဆုတ်တယ်။
ကျေးလက်ပြောက်ကျား
*************
ကျေးလက်ပြောက်ကျားက ပိုပြီးကျယ်ပြန့်တယ်။ ၁၀ ယောက် ၁၅ ယောက်မှသည် အယောက် ၅၀၊ အယောက် ၁၀၀ အထိဖွဲ့စည်းလှုပ်ရှားလေ့ရှိတယ်။ စစ်ရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီး နယ်မြေစိုးမိုးလာနိုင်တဲ့အခါ အယောက် ၅၀၀၊ အယောက် ၁၀၀၀ ရှိတဲ့ ပြောက်ကျားတပ်ဖွဲ့အကြီးစားကြီးတွေကိုပါ တရုတ်နိုင်ငံမှာ ဖွဲ့စည်းတိုက်ခိုက်ခဲ့တာကို တွေ့နိုင်တယ်။
မြို့ပြပြောက်ကျားနဲ့ ကျေးလက်ပြောက်ကျား ဘာကြောင့်ခြားနားရသလဲ
ဘာလို့မြို့ပြပြောက်ကျားက ပိုပြီးသေးငယ်ရသလဲ။ တပ်ဖျောက်လို့ လွယ်ကူအောင် သေးငယ်ရတာဖြစ်တယ်။ ကျေးလက်ပြောက်ကျားကတော့ တောတောင်အကာအကွယ်ရတဲ့နေရာတွေမှာ စခန်းချကိုယ်ယောင်ဖျောက်လို့ရတယ်။ ဒါ့ကြောင့် ပိုပြီး အရေအတွက်များများနဲ့ ဖွဲ့စည်းနိုင်တဲ့ အခွင့်အရေးရှိတယ်။
မြို့ပြမှာက စစ်သားနဲ့ ပုလိပ်တွေ နေရာအနှံ့အပြားမှာ တင်းကျမ်းပြည့်နေအောင်ရှိတယ်။ ရန်သူရဲ့ ထောက်လှမ်းရေးနဲ့ သတင်းပေးတွေအများအပြားရှိတယ်။ ရန်သူရဲ့ သတင်းကွန်ရက် အားကောင်းတယ်။ အဲဒါကြောင့် မြို့ပြမှာ ပိုပြီး သိုသိပ်ဖို့လိုအပ်တယ်။ ပိုပြီးသေးငယ်ဖို့လိုတယ်။ သေးငယ်တဲ့အတွက် လုံခြုံရေးပိုကောင်းတယ်။ လှုပ်ရှားရတာပိုမြန်ဆန်တယ်။ စီမံခန့်ခွဲရတာပိုလွယ်ကူတယ်။ အချင်းချင်းပိုပြီး စည်းလုံးညီညွတ်တယ်။ ဒါ့အပြင် ဒေသခံတွေနဲ့ချည်းဖွဲ့စည်းထားတဲ့အတွက် ကိုယ့်အိမ်ကိုယ်ပြန်ဝင်နေလိုက်ရုံနဲ့ ကိုယ်ယောင်ဖျောက်နိုင်တယ်။
ကျေးလက်မှာက တောတောင်ခိုအောင်းစရာရှိတဲ့အပြင် ရန်သူရဲ့ ထောက်လှမ်းရေးနဲ့ သတင်းပေး အားနည်းတယ်။ အဲဒါကြောင့်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားဖို့ အခွင့်သာတယ်။
ဒါကိုကြည့်ရင် မြို့ပြပြောက်ကျားနဲ့ ကျေးလက်ပြောက်ကျား ခြားနားရခြင်းအကြောင်းအရင်းဟာ သူတို့ရရှိထားတဲ့ ပတ်ဝန်းကျင်အခြေအနေရဲ့ ပြဋ္ဌာန်းချက်ကြောင့်ဆိုတာသိနိုင်တယ်။
မြို့ပြနဲ့ကျေးလက်ဆိုသည်မှာ
**************
ဘယ်ဟာမြို့ပြဘယ်ဟာကျေးလက်ဆိုတာကို စစ်ရေးအမြင်နဲ့ ကြည့်ရှုရာမှာ အစိုးရသတ်မှတ်ထားတဲ့ သတ်မှတ်ချက် အတိုင်း မတွေးတောသင့်ဘူး။ စစ်သားနဲ့ရဲတွေ လုံခြုံရေးတင်းကျပ်ထားတဲ့နေရာ၊ ထောက်လှမ်းရေးနဲ့ သတင်းပေးတွေ ပေါများတဲ့နေရာကို မြို့ပြလို့ သဘောထားမှတ်ယူသင့်တယ်။ စစ်သားနဲ့ရဲ လုံခြုံရေး သိပ်မများတဲ့ နေရာ၊ ထောက်လှမ်းရေး၊ သတင်းပေးတွေ သိပ်မရှိတဲ့နေရာကို ကျေးလက်လို့ မှတ်ယူသင့်တယ်။ ဆိုလိုတာက ကျေးရွာလို့ အစိုးရက နာမည်တပ်ထားပေမဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ နီးတဲ့နေရာတွေကို စစ်ရေးအရမြို့ပြလို့ သဘောထားပြီး မြို့ပြပြောက်ကျားနည်းနာ ကျင့်သုံးသင့်တယ်။ အစိုးရက မြို့လို့ နာမည်တပ်ထားပေမဲ့ အစွန်အဖျားကျတဲ့နေရာ၊ စစ်၊ ရဲ လုံခြုံရေးနည်းပါးပြီး ထောက်လှမ်းရေး သတင်းပေးနည်းပါးတဲ့နေရာမျိုးဆိုရင် ကျေးလက်ပြောက်ကျားနည်းနာ ကျင့်သုံးလိုကကျင့်သုံးနိုင်တယ်။
မြေပြန့်ပြောက်ကျားထူးခြားချက်
**************
မြေပြန့်လွင်ပြင်ဒေသမှာ ပုန်းစရာတောတောင်ရှားပါးတယ်။ အဲဒါဟာ မြေပြန့်လွင်ပြင်ဒေသပြောက်ကျားစစ်ရဲ့ အားနည်းချက်ပဲ။ ကျနော်တို့တီထွင်ဖန်တီးမှုရှိရမယ်။ အဲဒီအားနည်းချက်ကို အားသာချက်နဲ့ထေပြီး အားကောင်းတဲ့ မြေပြန့်လွင်ပြင်ပြောက်ကျားစစ်ဖော်ဆောင်ရမယ်။
မြေပြန့်လွင်ပြင်ကျေးလက်ပြောက်ကျား
**********************
မြေပြန့်လွင်ပြင်မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့နေရာတွေမှာ မြို့ပြပြောက်ကျားနည်းစနစ်တွေကို မဖြစ်မနေ ကျင့်သုံးရမှာပဲ။
မြေပြန့်လွင်ပြင်က ကျေးလက်ဒေသပြောက်ကျားတွေမှာတော့ တခြားတောတောင်ထူထပ်တဲ့ ဒေသက ကျေးလက်ပြောက်ကျား၊ မြစ်ချောင်းအင်းအိုင်ဒေသက ကျေးလက်ပြောက်ကျားနဲ့ ထပ်တူ ကျင့်သုံးဖို့ မသင့်တဲ့ အချက်တချို့ရှိတယ်။
မြေပြန့်လွင်ပြောက်ကျားရဲ့ အားနည်းချက်က ပုန်းခိုစရာ တောတောင်မရှိတဲ့အချက်ပဲ။ အဲသလို ပုန်းခိုစရာ တောတောင်မရှိတဲ့အတွက် မြေပြန့်လွင်ပြင် ပြောက်ကျားဟာ ကျေးလက်ပြောက်ကျားဗျူဟာနဲ့ မြို့ပြပြောက်ကျားဗျူဟာကို ရောစပ်ကျင့်သုံးသင့်တယ်။ မြေပြန့်ပြောက်ကျား အဖွဲ့တဖွဲ့ဟာ ၁၀ ယောက် ၁၅ ယောက်လောက်ပဲဖြစ်သင့်တယ်။ ၂၅ ယောက်လောက်ထက်ပိုမများသင့်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပုန်းခိုစရာ တောတောင်မရှိတဲ့အတွက် ကိုယ့်ရွာထဲ ကိုယ့်အိမ်ထဲဝင်ပြီး ကိုယ်ယောင်ဖျောက်ရမှာ ဖြစ်လို့ပဲ။ အဖွဲ့သေးငယ်တဲ့အတွက် လုံခြုံရေးပိုကောင်းတယ်။ လှုပ်ရှားရတာပိုမြန်တယ်။
ဒေသခံတွေကို အဓိကအားပြုမှီခိုပြီး ဖွဲ့စည်းသင့်တယ်။ လိုအပ်မှ တခြားဒေသကပြောက်ကျားရဲဘော် ပါဝင်မှုကို အကန့်အသတ်နဲ့ ခွင့်ပြုသင့်တယ်။ ဒေသခံတွေနဲ့ဖွဲ့စည်းခြင်းအားဖြင့် ကိုယ့်ရွာကိုယ့်အိမ်မှာ အလွယ်တကူ ကိုယ်ယောင်ဖျောက်လို့ရမယ်။ နယ်မြေကျွမ်းကျင်မယ်။ ပြောက်ကျားစစ်မှာ နယ်မြေကျွမ်းကျင်မှုက သိပ်အရေးကြီးတယ်။
ကိုယ့်ရွာမှာ၊ ကိုယ့်အိမ်မှာ စခန်းချရတာဖြစ်တဲ့အတွက် ပိုပြီးလျှို့ဝှက်ဖို့လိုအပ်တယ်။ မြေအောက်လုပ်ငန်းနည်းနာတွေကို ကျွမ်းကျွမ်းကျင်ကျင်နားလည်ရမယ်။ သာမန်လူတယောက်လို နေထိုင်တတ်ရမယ်။ ကိုယ်လုပ်နေတဲ့အလုပ်ကို အထူးလျှို့ဝှက်သိုသိပ်ရမယ်။ ညဘက်လှုပ်ရှားမှုကို ပိုပြီး အားထားသင့်တယ်။ နေ့ဘက်လှုပ်ရှားတဲ့အခါမှာလည်း မျက်နှာဖုံးစွပ်လှုပ်ရှားမှုမျိုးကို လိုအပ်ရင် လိုအပ်သလို ကျင့်သုံးသင့်တယ်။
တော်လှန်ရေးစစ်တပ်သဘောနဲ့ မြေအောက်လုပ်ငန်းသဘော ရောယှက်နေတဲ့အတွက် လုံခြုံရေးစည်းကမ်းတွေကပိုအရေးကြီးတယ်။
ဒလန်အန္တရာယ်သိပ်ကြီးတယ်။ ဒလန်ရှင်းလင်းရေးဟာ ဦးစားပေးလုပ်ငန်းဖြစ်သင့်တယ်။
ကျေးလက်မှာ ရန်သူ့အာဏာရန်သူ့အုပ်ချုပ်ရေးကို ဖယ်ရှားပြီး ကိုယ့်အာဏာ၊ ကိုယ့်အုပ်ချုပ်ရေးထူထောင်နိုင်ဖို့ကို ရည်မှန်းချက်ထားလုပ်ဆောင်သင့်တယ်။ ကျေးလက်တောင်သူလယ်သမားသမဂ္ဂတွေ ဖွဲ့စည်းပြီး အဲဒီလယ်သမားသမဂ္ဂတွေက ကျေးရွာကို အုပ်ချုပ်ထားနိုင်တဲ့အဆင့်ဆီဦးတည်သင့်တယ်။
ကိုယ့်ရပ်ကိုယ့်ရွာမှာရှိတဲ့ ကျေးလက်တိုက်နယ်ရဲစခန်းတွေကို ပထမဆုံးပစ်မှတ်ထားသင့်တယ်။
မြို့ပြမှာရှိတဲ့ အားနည်းတဲ့ ပစ်မှတ်နေရာတွေကို ဒုတိယဦးစားပေးပစ်မှတ်ထားသင့်တယ်။
အင်အားကြီးမားတဲ့ ရန်သူကို စစ်ဦးကာလမှာ မတိုက်ခိုက်ဘဲရှောင်ရှားသင့်တယ်။ ခံစစ်ဘဝကို ဘယ်တော့မှ မကျရောက်အောင် သတိကြီးကြီးထားသင့်တယ်။ တိုက်ပွဲတွေကို သေချာပေါက်နိုင်မှတိုက်သင့်တယ်။
နိုင်ငံလုံးဆိုင်ရာလက်နက်ကိုင်တော်လှန်ရေးရဲ့ အစပိုင်းကာလမှာ မြေပြန့်လွင်ပြင်ပြောက်ကျားနဲ့ မြို့ပြပြောက်ကျားတွေဟာ အရန်အင်အားဖြစ်တယ်။ တပ်ဦးမကျွံဖို့ သတိထားရမယ်။ ကိုယ်တဖွဲ့တည်း ထီးထီးကြီးဖြစ်မနေဖို့ သတိထားရမယ်။ လက်နက်ကိုင်တော်လှန်ရေး ရင့်မာလာပြီး ရန်သူကို မဟာဗျူဟာထိုးစစ်ဆင်တုံ့ပြန်နွှဲမယ့်ကာလမှာတော့ မြေပြန့်လွင်ပြင်ပြောက်ကျားတွေဟာ အဓိကကျတဲ့ အင်အားစုတွေ ဖြစ်လာလိမ့်မယ်။
မြင်းခြံတလုပ်မြို့ပြောက်ကျားနဲ့၊ အနီးအနား မြောင်မြို့၊ မြိုင်မြို့ အစရှိတဲ့ဒေသတွေရဲ့ ပြောက်ကျားတွေဟာ မြေပြန့်လွင်ပြင်ပြောက်ကျားအမျိုးအစားတွေ ဖြစ်တယ်။
မြေပြန့်လွင်ပြင်ပြောက်ကျားတွေဟာ လက်နက်ရရှိရေး၊ ရန်သူရှင်းလင်းရေး၊ ဒလန်ရှင်းလင်းရေး၊ ပြောက်ကျားရဲဘော်သစ်တိုးပွားရေး၊ လက်နက်ကိုင်တော်လှန်ရေးကို လူထုထောက်ခံမှုရရှိရေး၊ ရန်သူကို တခြားတော်လှန်ရေးတပ်ဖွဲ့တွေဆီ မသွားနိုင်အောင် ထိန်းထားရေး၊ ကျေးလက်ပြည်သူ့အာဏာထူထောင်ရေးတို့ကို အဓိက ရည်မှန်းချက်ထားလုပ်ဆောင်သင့်တယ်။
အကျဥ်းချုပ်ပြောရရင် ကျနော်အကြံပေးချင်တာက မြေပြန့်လွင်ပြင်ဒေသမှာ ပြောက်ကျားအဖွဲ့တွေရှိနေဖို့လိုအပ်တယ်ဆိုတာနဲ့၊ မြေပြန့်လွင်ပြင်ပြောက်ကျားတွေရဲ့ အခြေခံဗျူဟာ ဟာ ကျေးလက်ပြောက်ကျားဗျူဟာနဲ့ မြို့ပြပြောက်ကျားဗျူဟာကို ပေါင်းစပ်ကျင့်သုံးသင့်တယ်ဆိုတာပါပဲ။
ဇော်ဝင်း
၈၈ ဗကသ
Comments
Post a Comment