မအလ တို့ရဲ့ စကစ တပ်ဟာ တကယ်လေ့လာကြည့်ရင် ၂၀၀၈ လောက်ကတည်းကစပြီး စစ်တိုက်ပုံ တစ်မျိုးပဲရှိတယ်။
(၁) ဘယ်နေရာကို တိုက်တိုက် သာလွန်အင်အား နဲ့ တိုက်တယ်။
သာလွန်အင်အားနဲ့ တိုက်ဖို့ဆိုတာ ထုတ်နှုတ်အင်အား လိုတယ်။ အဲဒါကြောင့် မအလတပ်ဟာ တစ်နေရာကို တိုက်ရင် ကျန်တဲ့နေရာအားလုံးနဲ့ ငြိမ်းချမ်းရေး ဆိုပြီး လုပ်တယ်။
အဲဒီတော့ ပြောမယ်ဆို မအလတို့ဟာ EAO တွေ အစုံနဲ့ရော၊ နယ်မြေအစုံကိုရော တစ်ပြိုင်တည်း မတိုက်ဖူးဘူးရယ်။
အခုလည်း မအလတို့ဟာ မင်းတပ် ကနေ အခု ပင်လည်ဘူး ဘက်အထိ သူတို့ အထိနာတာနဲ့ သာလွန်အင်အားနဲ့ တိုက်တယ်။
အခု သူတို့အတွက်အရမ်းကျပ်တည်းလာတာက နေရာတိုင်းက သူ့အပူနဲ့သူဆိုတော့ ထုတ်နှုတ်အင်အား တောင်းရင် အချင်းချင်း မပေးကြတော့တာ။
မြန်မာပြည်အနှံ့ နေရာအများစုကြွလာရင် သာလွန်အင်အား ဆိုတဲ့ စကားလုံး သူတို့အတွက်ပျောက်သွားလိမ့်မယ်။
(၂) လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အလွန်အမင်း သုံးတယ်။
လေယာဥ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်တဲ့ အခါ အနီးအပါးမြို့/ရွာ တွေဟာ လိမ့်နေအောင်ခံရပါတယ်။ လူနေအိမ်တွေကို တမင်တကာကို ပစ်တဲ့အတွက် အပြစ်မဲ့ပြည်သူများစွာ သေဆုံးကြရသလို၊ အိုးအိမ်တွေလည်း ပျက်စီးကြရတယ်။
ဒါပေမယ့် ထိရောက်သလားဆိုရင် နယ်မြေကျယ်ပြီး နယ်ကျွမ်းတဲ့၊ အလျင်အမြန် ရွေ့လျားနိုင်တဲ့ EAO တွေကို တိုက်ရာမှာ ထိရောက်မှုက မပြည့်အဝ မရှိပါဘူး။
ဥပမာ ပြောရရင် ရခိုင်ကိုလည်း လေကြောင်း/ လက်နက်ကြီး အင်အားနဲ့ အသားကုန် တိုက်ခဲ့တာပါ။ ဒါပေသိ သာလွန်အင်အား ကလည်း အမြဲမဖြစ်နိုင်သလို၊ လေကြောင်း/ လက်နက်ကြီး ကလည်း အချိန်ပြည့် ပစ်ကူမပေးနိုင်ပါဘူး။ ဟ သွားတာနဲ့ AA က တပ်ရင်းလိုက်ဖြုတ်ပစ်လိုက်တာပါပဲ။
(၃) လက်နက်မဲ့ပြည်သူကို အဓိက ချေမှုန်းတယ်။
စကစဟာ ရွာတွေလိုက်မီးရှို့တာ၊ တော်လှန်ရေးနဲ့ မဆိုင်တဲ့သူတွေကို ဖမ်းဆီးတာ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေ၊ လူသားဒိုင်းကာတာတွေကို အမြဲ လုပ်ပါတယ်။
တိုင်းရင်းသားတွေဟာ ဒီဒဏ်ကို နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံစားခဲ့ကြရတာပါ။
အခုလည်း EAO တွေကို လုပ်သလို PDF တွေကို လက်မခံရဲ၊ မထောက်ပံ့ရဲအောင် ရွာတွေကို မီးရှို့၊ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတာပါ။
အဲဒီလိုလုပ်လေ ပြည်သူက ပိုနာကျည်းပြီး တော်လှန်ရေးစိတ် ပိုပြင်းထန်လာလေ ဖြစ်လာတာပါ။
အဲဒီလို (၁)၊ (၂)၊ (၃) သုံးမျိုးလုံးနဲ့ စစ်ဆင်ရေး၊ နယ်မြေရှင်းလင်းရေး လုပ်နေချိန်မှာတော့ ပြည်သူဟာ လိမ့်နေအောင် ခံရတာပါ။ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးသေဆုံး ကြရပါတယ်။
ဒါဟာ စကစ ရဲ့ ဘယ်နေရာ ဖြစ်ဖြစ် အမြဲသုံးတဲ့ Strategy ပါ
အဲဒါပြီးရင် ဘာဆက်ဖြစ်လဲ?
အဲဒါပြီးရင် စကစရဲ့ pattern ဟာ သံသရာဘီး တစ်ပတ်ပြန်လည်ပါတယ်။
သာလွန်အင်အား ဆိုတာ အမြဲတမ်းမထားနိုင်တော့ ပြန်ထုတ်နှုတ်ရပြန််ပါတယ်။ အဲဒီမှာ ကျန်ခဲ့တဲ့ နယ်မြေစောင့် တပ်ဟာ ကောင်းကောင်း အမှည့်ခြွေခံရတာပါပဲ။
တစ်ပြိုင်တည်းမှာပဲ EAO (အခုဆိုရင် PDF တွေ) က ရပ်ကျေး အုပ်ချုပ်ရေး ကို ဖြိုပါတယ်။ အုပ်ချုပ်ရေးမှူး တွေထွက်တာ၊ လုပ်မယ့်သူ မရှိတော့တာ။ နယ်မြေကျွမ်းကျင်တဲ့ ကြွက်တွေ(ရဲတွေ) နဲ့ ဒလန် တွေကို ကိုယ့်ဘက်ဆွဲထည့်၊ ဆွဲရှင်းထားလိုက်တဲ့အခါ အဲဒီဒေဟာ "စိုးမိုးမှု" မရှိတော့တဲ့ အညိုရောင်နယ်မြေ ဖြစ်လာတာပါပဲ။
အခုလည်း Regional PDF တွေနဲ့ စကစရဲ့ စစ်ဆင်ရေးဟာ အဲဒီအတိုင်း နယ်မြေများစွာမှာ ဖြစ်နေတာပါ။
၂၀၂၁ မေလလောက်နဲ့ အခုနဲ့ မတူတော့တာက ဗျူဟာအရ သာ တူမီး နဲ့ လို့ ပြောနေပေမယ့် စကစ ဟာ သူအဆော်ခံနေရတာ တူမီးနဲ့ မဟုတ်တော့မှန်း သူတို့ အသိဆုံးပါ။
အကြီးမားဆုံးကွာဟချက်ဆိုလို့ လက်နက်ခဲယမ်း ပဲ ရှိပါတော့တယ်။
ဒါကလည်း ဘာမှ မရှိတဲ့အနေအထားကနေ အချို့ နေရာဒေသတွေမှာက တိုက်လို့ရတဲ့ အနေအထားလေးတော့ ဖြစ်လာနေပါပြီ။ လူငယ်တွေမှာလည်း လက်ဗလာနဲ့ မဟုတ်တော့တာတော့ မြင်သာပါတယ်။
အခုထက် တစ်ဆင့်၊ နှစ်ဆင့်လောက် ထပ်တပ်ဆင်နိုင်ပြီး ရှိသင့်သလောက် ရှိလာရင် နယ်မြေစိုးမိုးမှု တအားသိသာလာတော့မှာပါ
Comments
Post a Comment